Pages

Monday, August 20, 2012

ပုသိမ်မြို့ သဒ္ဓမ္မသီတဂူသာသနာ့ရိပ်သာ တောရကျောင်းတိုက် သမိုင်းအကျဉ်းချုပ်

သဒ္ဓမ္မသီတဂူသာသနာ့ရိပ်သာတောရကျောင်းတိုက် အဝင်မုခ်ဦး
ကျောင်းတိုက်တည်နေရာ ။    ။ ပုသိမ်မြို့၊ အမှတ် (၃) နယ်မြေ၊ တောရကျောင်းလမ်း။
၁၂၃၈-ခု (၁၈၇၆) ခုနှစ်ခန့်က မြန်မာနိုင်ငံ၌ ထင်ရှားကျော်ကြားသော ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ စာရင်းဝင် ဆရာတော်ကြီး ဦးသုမနာစာရ (ယခု မိဂဒါဝုန်ကျောင်းတိုက်အတွင်းရှိ မပုပ်မသိုးရဟန္တာ ရုပ်တုတော်) သည် ပုသိမ်မြို့သို့ ကြွရောက်တော်မူပြီး စတင်တောရဆောက်တည် သီတင်းသုံးတော်မူခဲ့ရာ ကျောင်းသင်္ခမ်းဖြစ်သည်။
ဆရာတော်ကြီး သီတင်းမသုံးမီ ရှေးကပင်တောရဆောက်တည် မထေရ်များသီတင်းသုံးခဲ့ရာ တောရကျောင်းသင်္ခမ်းဖြစ်ခဲ့သည်။
မထင်ရှားသော ရာဇ၀င်မှတ်တမ်းတစ်ခုအရ ဤတောရကျောင်းနေရာတွင် ရှေးအခါက ဆရာတော်တစ်ပါးအား မိဖုရားစောနန္ဒာ ဆောက်လုပ်လှူဒါန်းခဲ့သော ပြာသာဒ်ကျောင်းကြီး တစ်ဆောင်ရှိခဲ့ကြောင်း၊ နှစ်ပေါင်းများစွာကြသဖြင့် တောအုပ်များဖုန်းလွှမ်းပြီး တောမီးသင့်သဖြင့်  ပျက်စီးခဲ့ကြောင်း၊  ဆရာတော်ကြီး ဦးသုမနာစာရ သီတင်းသုံးချိန်တွင် မီးလောင်တိုင်ငုတ်များပင် တွေ့ရသေးကြောင်း ပြောစမှတ်ရှိခဲ့သည်။
သဒ္ဓမ္မသီတဂူသာသနာ့ရိပ်သာတောရကျောင်းတိုက် အဝင်မုခ်ဦး
၁၂၄၂-ခု (၁၈၈၀-ခု) နှစ်တွင် ဆရာတော်ကြီး ဦးသုမနာစာရ မိဂဒါဝုန်ကျောင်းတိုက်သို့ ပြောင်းရွှေ့ သီတင်းသုံးတော်မူသည်။ (၁၂၃၈-၁၂၄၂) - (၄) နှစ် သီတင်းသုံးတော်မူခဲ့သည်။
ထို့နောင် ဆရာတော် ဦးနာရဒ သီတင်းသုံးတော်မူသည်။ ယင်းဆရာတော်သည် သမိုင်းမထင်ရှားခဲ့ပေ။
၁၃၀၈-ခု (၁၉၄၆-ခု) နှစ်၊ တပို့တွဲလပြည့်ကျော် (၉) ရက်နေ့တွင် ထိုဆရာတော် ဦးနာရဒ မှ မိဂဒါဝုန် တိုက်အုပ်/စာချဆရာတော် ဦးအာစိက္ခဏအား လွှဲအပ်တော်မူခဲ့သည်။
ထိုနှစ် တပေါင်းလတွင် ဆရာတော် ဦးနာရဒ ပျံလွန်တော်မူခဲ့သည်။ဆရာတော် ဦးနာရဒသည် (၁၂၄၂-၁၃၀၈) (၆၆) နှစ် သီတင်းသုံးတော်မူခဲ့သည် ဟုခန့်မှန်းရသည်။
ဆရာတော် ဦးအာစိက္ခဏ စတင်သီတင်းသုံးချိန်တွင် တောရကျောင်း အကျယ်အဝန်းမှာ (၇) ဧက ခန့် ရှိသည်။
၁၃၀၉-ခု  (၁၉၄၇-ခု) နှစ်၊ တန်ခူးလဆန်း (၁၄) ရက်၊ နေ့ (၁)နာရီတွင် ဦးဆယ်+ဒေါ်နန်းစိန် တို့ ဆောက်လုပ်လှူဒါန်းသော သဒ္ဓမ္မမဉ္ဇူ ကျောင်းဆောင်တော်ကြီး ရေစက်ချပွဲနှင့်အတူ တောရကျောင်း ဟူသော အမည်ကို ‘သဒ္ဓမ္မသီတဂူကျောင်း’ ဟုအမည်သစ်ပြောင်းခဲ့သည်။ ‘သူတော်ကောင်းတရားတို့ဖြင့်အေးငြိမ်းရာ’ ဟု အဓိပ္ပါယ်ရသည်။ သို့သော် တောရကျောင်းဟူသော ရှေးအမည်လည်းပျောက်ကွယ် မသွားခဲ့ချေ။
၁၃၁၃-ခုနှစ်၊ တပို့တွဲလဆန်း (၁၀)ရက်၊ ၁၉၅၂-ခုနှစ်၊ ဖေဖော်ဝါရီလ-(၅)ရက်နေ့ နေ့လယ်အချိန်တွင် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် သာသနာရေးဝန်ကြီး ဦးဝင်း နှင့် အတူ ဦးဆောင်ပြီး ‘သာသနာ့ရိပ်သာ’ ဖွင့်လှစ်တော်မူခဲ့သည်။
ထိုနေ့ နံနက်ပိုင်းတွင်ပင် ဘုံကျော်ကျောင်းတိုက်၌လည်း သာသနာ့ရိပ်သာ ဖွင့်လှစ်တော်မူခဲ့သည်။
ထိုနေ့ ထိုအချိန်မှစ၍ ‘သဒ္ဓမ္မသီတဂူသာသနာ့ရိပ်သာ’ ဟု အမည်တွင်ခဲ့သည်။
ယခုအချိန်တွင် တောရကျောင်းနှင့် တွဲဖက်၍ ‘သဒ္ဓမ္မသီတဂူသာသနာ့ရိပ်သာတောရကျောင်းတိုက်’ဟုခေါ်ဆိုလျက်ရှိသည်။  ပုသိမ်မြို့သားများက ‘တာရကျောင်း’ ဟူသော ရှေးအမည်ကိုသာ အသိများကြသည်။
၁၃၅၈-ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် (၆) ရက်၊ (၆-၇-၁၉၉၆) စနေနေ့၊ နံနက် (၈) နာရီ (၄၅) မိနစ်တွင် ဆရာတော်ဦးအာစိက္ခဏ ရန်ကုန်မြို့၊ မဟာစည်သာသနာ့ရိပ်သာကြီး၌ ဘဝနတ်ထံ ပျံလွန်တော်မူသည်။
ဆရာတော် ဦးအာစိက္ခဏသည် ဤရိပ်သာ၌ (၁၃၀၈-၁၃၅၈) နှစ်ပေါင်း (၅၀) တိုင်တိုင် သီတင်းသုံးတော်မူခဲ့သည်။
၁၃၅၈-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၆) ရက်၊ ၁၉၉၆-ခု၊ ဒီဇင်ဘာလ (၁) ရက်၊ တနင်္ဂနွေနေ့ တွင် ဆရာတော် ဦးတေဇိန္ဒာသဘ အားလွှဲအပ်တော်မူသည်။
ဆရာတော် ဦးတေဇိန္ဒာသဘ ဆရာတော်ကြီးသည် ယနေ့တိုင်အောင် သဒ္ဓမ္မသီတဂူသာသနာ့ရိပ်သာ ကြီး၌ ဦးစီးပဓာနနာယက ဆရာတော်အဖြစ် သာသနာ့တာဝန်များ ထမ်းဆောင်တော်မူလျက်ရှိသည်။
သီတဂူသမိုင်းစာညွှန်း------အရှင်တေဇိန္ဒာသဘ ၏ သီတဂူသာသနာ စာအုပ်မှ ထုတ်နှုတ်တင်ပြပါသည်။
    အရှင်နာဂဝံသ၊ သဒ္ဓမ္မသီတဂူသာသနာ့ရိပ်သာတောရကျောင်းတိုက်၊ ပုသိမ်မြို့
သာသနာရေးရာ ဆောင်ရွက်ချက်များ
    ဤရိပ်သာကြီးတွင် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဥပနိသျအတိုင်း နှစ်စဉ်နှစ်တိုင်း တပေါင်းစခန်း၊ သင်္ကြန်စခန်း၊ ဝါတွင်းစခန်း တနှစ်(၃)ကြိမ်၊ တရားစခန်းပွဲများ ကျင်းပခြင်း။
ဝါတွင်းဝါပ ဥပုသ်သီလဆောက်တည်ခြင်း၊ ဥပုသ်နေ့တိုင်း နေ့တရားပွဲများ ဟောကြားချီးမြှင့်ခြင်း၊ နေ့စဉ်နေ့တိုင်း တရားရှုမှတ်ခြင်း၊ ဝါဆိုပွဲ၊ ကထိန်ပွဲများကျင်းပခြင်း၊ လွန်တော်မူပြီး ဆရာတော်ဘုရားကြီး ဦးအာစိက္ခဏ၏ အထိမ်းအမှတ်ပွဲများ ကျင်းပခြင်း၊ သက်တော်ထင်ရှားရှိ ဆရာတော်ဘုရားကြီး ဦးတေဇိန္ဒာသဘ ၏ မွေးနေ့အထိမ်းအမှတ်ပွဲများကျင်းပခြင်း၊ တိုက်အုပ်ဆရာတော် ဦးပညောဘာသ ၏ မွေးနေ့အထိမ်းအမှတ်ပွဲများကျင်းပခြင်း တို့ဖြင့် သာသနာရေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိသည်။
    ယခုနှစ် (၆၀)ကြိမ်မြောက် ဝါတွင်းတရားစခန်းပွဲကို ၁၃၇၄-ခု၊ ဝါခေါင်လပြည့်ကျော် (၆) ရက်၊ ၇-၉-၂၀၁၂ နေ့မှ တော်သလင်းလဆန်း (၆) ရက်၊ ၂၁-၁၀-၂၀၁၂ နေ့အထိ (၁၀) ရက်၊ ဆက်လက်၍ တော်သလင်းလဆန်း (၂) ရက်၊ ၁၇-၉-၂၀၁၂ နေ့မှ သီတင်းကျွတ်လဆန်း (၆) ရက်၊ ၂၁-၁၀-၂၀၁၂ နေ့အထိ (၃၅) ရက်၊ စုစုပေါင်း (၄၅) ရက်တိုင်တိုင် ကျင်းပမည်ဖြစ်သည်။
    တရားစခန်း ဝင်ရောက်လိုသော ယောဂီများသည် ၁၃၇၄-ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၅) ရက်၊ ၆-၉-၂၀၁၂ ကြာသပတေးနေ့ နေ့လည် (၁) နာရီအရောက် လာရောက်ရမည်ဖြစ်သည်။

No comments:

Post a Comment